ဗီယက်နမ်ရဲ့ အဝါရောင်မြို့လေး


 ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ နိုင်ငံခြားသားတွေ အရမ်းစိတ်ဝင်စားပြီး လည်ပတ်မှုများတဲ့ မြို့လေးတစ်မြို့ ရှိတယ်.. အဲ့ဒီနေရာကတော့ “ငြိမ်းချမ်းသာယာသောမြို့လေး” လို့ အမည်ရတဲ့ Hoi An မြို့ပဲ ဖြစ်ပါ တယ်.. 16 ရာစုနှစ်တည်းက တည်ဆောက်ခဲ့တဲ့ ဗိသုကာလက်ရာ ရိုးရာအိမ်လေးတွေ၊ ချစ်စဖွယ် မြို့ တည်ဆောက်ထားပုံ နဲ့ ရှေးခေတ်ရိုးရာ အငွေ့အသက်တွေကို မြင်တွေ့ခံစားနိုင်တဲ့ Hoi An မြို့လေးဟာ ဗီယက်နမ်နိုင်ငံမှာဆိုရင် Ho Long ပင်လယ်အော်ပြီးတော့ ဒုတိယမြောက် လည်ပတ်မှုအများဆုံးနေရာ ဖြစ်နေတယ် .. Hoi An မြို့ဟာ 1999 ခုနှစ်မှာ UNESCO ရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းထဲ ၀င်ခဲ့ပြီး မြို့ထဲမှာ ကျန်ရှိနေတဲ့ ဗိသုကာလက်ရာတွေ၊ အမွေအနှစ်တွေကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရင်း ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာလေးတစ်ခုဖြစ်လာပါတယ်..

တစ်ကယ်တော့ Hoi An မြို့လေးဟာ 15 ရာစုကနေ 19 ရာစုအထိ အရှေ့တောင်အာရှရဲ့ အဓိကဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်ခဲ့တယ်.. တရုတ်၊ ဂျပန်၊ အိန္တိယ၊ မလေးရှား၊ ပေါတူဂီ၊ ဒတ်ခ်ျ အပါအ၀င် အနောက်တိုင်းနိုင်ငံ တွေနဲ့ ရေကြောင်းကုန်သွယ် ရေး ကို ဆက်သွယ်ဆောင်ရွက်ဖို့အတွက် Hoi An မြို့ကို အဓိကအသုံးပြုခဲ့ကြပြီး 16 ရာစုလောက်က လူစည်ကားရာ ထင်ရှားတဲ့ ဆိပ်ကမ်းမြို့ဖြစ်ခဲ့သေးတယ်.. ဂျပန်နဲ့ တရုတ်လူမျိုးတို့နဲ့ အဓိက ကူးသန်းရောင်းဝယ် ဆက်သွယ်ခဲ့ကြတဲ့ အတွက် Hoi An မြို့မှာဆိုရင် ဂျပန်၊ တရုတ်တို့ရဲ့ ဗိသုကာလက်ရာနဲ့ ရိုးရာတွေကိုလည်း အများအပြားတွေ့မြင်နိုင်တယ်.. Hoi An မြို့လယ်မှာ ရှိတဲ့ Japanese Bridge - ဂျပန်တံတား ဟာဆိုရင် 16-17 ရာစုခန့်က တည်ဆောက်ခဲ့တဲ့ ဂျပန်လူမျိုးတို့ရဲ့ ထင်ရှားတဲ့ ဗိသုကာလက်ရာ တစ်ခုဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်စာရင်းဝင် လက်ရာတစ်ခုဖြစ်တယ်..

ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် Hoi An ဟာ ဒီရေအတက်အကျနဲ့ ရေကြီးမှုဒါဏ်ကို ခံရလေ့ရှိတယ်.. ဒါပေမယ့် ဒီဒါဏ်တွေကို ခံနိုင်ရည်ရှိဖို့ အိမ်တွေကို ရှေးခေတ်ကတည်းက စိတ်ဝင်စားဖွယ် စနစ်တကျ တည်ဆောက်ထား ခဲ့ကြတာပေါ့.. Hoi An မှာဆိုရင် အိမ်တွေကို ၂ ထပ်တည်ဆောက်ထားပြီး အိမ်တွေရဲ့အလယ်မှာဆိုရင် အောက်ထပ်က ပစ္စည်းတွေကိုအလွယ်တကူ အပေါ်ထပ်ကိုသယ်နိုင်အောင် စက်သီးတပ်ထားတဲ့ ပစ္စည်းသယ် ကိရိယာလေးကို ထည့်သွင်းတည်ဆောက်လေ့ရှိတယ်.. ရှေးခေတ်ဗီယက်နမ်လူမျိုးတို့ရဲ့ ဥာဏ်ကွန့်မြူးမှုတွေ နဲ့ စိတ်ဝင်စားဖွယ်ဗိသုကာလက်ရာတွေကို Hoi An မြို့အတွင်းမှာ လေ့လာနိုင်တယ်..







Hoi An မြို့ရဲ့ အဓိက Tourist attraction တွေကတော့ ရှေးဟောင်းရိုးရာဗိသုကာအ၀ါရောင်အိမ်လေးတွေ၊ စိတ်ဝင်စားဖွယ်ရာ ဓလေ့ထုံးတမ်းများနဲ့ ညဘက်ဆိုရင် မီးပုံးလေးတွေထွန်းပြီး အလှဆင်ထားတဲ့ ရှုခင်းတွေပဲ ဖြစ်တယ်. နေ့ဘက်ဆိုရင် Hoi An ရှေးဟောင်းမြို့အတွင်း စက်ဘီးလေးတွေနဲ့ လျှောက်သွားရင်း စက္ကူပန်း တွေ ခေါင်းလောင်းပန်းတွေနဲ့အလှဆင်ထားတဲ့ ရိုးရာအိမ် အ၀ါရောင်တွေနဲ့ ဓါတ်ပုံရိုက်ခြင်း၊ ဒေသထွက်လက်မှု ပစ္စည်းနဲ့ ရိုးရာရက်ထည်တွေကို လေ့လာရင်း လည်ပတ်နိုင်ကြပါတယ်.. ညဘက်ဆိုရင်လည်း မီးပုံးတွေနဲ့ အလှ ဆင်ထားတဲ့ မြို့အတွင်း အေးအေးဆေးဆေးလမ်းလျှောက်နိုင်သလို မြို့လယ်ကရေကန်ထဲမှာ လှေစီးရင်း မီးကြာခွက်ကလေးများကိုမျှောကာ အပန်းဖြေနိုင်ကြပါတယ်..



Hoi An မြို့လေးဟာ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး ချစ်စရာမြို့လေးမို့လဲ ကြင်စဦးဇနီးမာင်နှံတွေရဲ့ ဟန်နီးမွန်း နားခိုရာလေးလဲဖြစ်တယ်.. မြို့လေးထဲ အဝါရောင်ကော်ဖီဆိုင်လေးတွေ ဘာလေးတွေ.. အင်္ကျီချုပ်ဆိုင်လေးတွေနဲ့ ရှေးက တရုတ်ပြည် ဂျပန်ပြည်ထဲရောက်နေသလို ခံစားမိစေတယ်.. ညဘက်မြစ်ကမ်းဘေးက ဘားလေးတွေမှာထိုင်ပြီး မီးပုံးလေးတွေမျောလာတာ မြင်ရတာကိုက အရသာဖြစ်တယ်.. ဗီယက်နမ် ဝတ်စုံလေးတွေဝတ်ပြီး လျှောက်သွားနေကြတဲ့ ကိုရီးယားမလေးတွေကလဲ မြို့အဝါလေးကို ပိုပြီး အသက်ဝင်စေတယ်..

Hoi An မြို့လေးကိုသွားမယ်ဆိုရင် ဗီယက်နမ် အလယ်ပိုင်းက ဒါနန်းမြို့ကို အရင်သွားရပါမယ်.. ရန်ကုန်ကနေ ဒါနန်းကို တိုက်ရိုက်ရောက်တဲ့ လေယာဉ်မရှိလို့ ဟနွိုင်း သို့ ဟိုချီမင်းတို့ကနေတဆင့် စီးပြီးသွားလည်လို့ရပါတယ်.. လေယာဉ်ခကတော့ အသွားအပြန် ၄ ကြောင်းစာကို 250$ ကနေ 300$ ကြားထာရှိပါမယ်.. ဒါနန်းလေဆိပ်ကနေ hoi An အထိ Taxi ငှားပြီးသွားလို့ရလို့ ၄၅ မိနစ်သာကြာပါတယ်.. ပုံမှန်အားဖြင့်တော့ ဒါနန်းမှာရှိတဲ့ Bana Hill နဲ့တွဲပြီး ဒါနန်းမြို့ပါ လည်ပတ်ရင်း Hoi An မြို့လေးကိုပါ တညအိပ်သွားလည်ကြပါတယ်.. Hoi An မှာဟိုတယ်တွေ အလွန်ဈေးပေါပြီး တခင်္နးကို 35-40$ ဆို ရေကူးကန်ပါတဲ့ ဟိုတယ်ကောင်းကောင်းရပါတယ်.. Hoi An မြို့လေးက သေးသေးလေးမို့ ဟိုတယ်ကနေမြေပုံလေးတောင်းပြီး လည်ရမယ့်နေရာလေးတွေကို လမ်းလေးလျှောက်ပြီး လျှောက်လည်ရုံပါပဲ.. ဗီယက်နမ် ဝတ်စုံလေးတွေလဲ ဝယ်ဝတ်လို့ရပြီး တစ်စုံမှ မြန်မာငွေ တသောင်းလောက်ပဲမို့ လှလှလေးတွေဝတ်ပြီး အဝါရောင်မြို့လေးထဲ ဓါတ်လေးလိုက်ဖမ်းရုံပဲ..

Post a Comment

Previous Post Next Post