ဦးရေပြားပေါ်ကဝက်ခြံများကိုကုသနည်း

ဦးရေပြားပေါ်က ဝက်ခြံများက အသက်အရွယ်မရွေးဖြစ်တတ်တယ်ဆိုပေမယ့် အထူးသဖြင့် ဆယ်ကျော်သက်တွေ ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့အခါမှာ မျက်နှာ၊ ဦးရေပြား၊ ကျောပြင် စတဲ့အရေပြားနေရာအနှံ့မှာ ဝက်ခြံထွက်ပေါ်လာတတ်ပါတယ်။ ဦးရေပြားမှာဝက်ခြံထွက်ပေါ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မိပြီး ချွေးနဲ့အညစ်အကြေးတွေ ပေါင်းစပ်လိုက်တဲ့အခါမှာ ဝက်ခြံဖြစ်ပေါ်လာရခြင်းပဲဖြစ်ပါတယ်။ ဝက်ခြံကြောင့် ယားယံတဲ့အခါမှာ ဦးရေပြားကိုလက်သည်းနဲ့ကုတ်ဖဲ့ခြင်းမျိုးမလုပ်ပါနဲ့။ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေအတိုင်း ပြုလုပ်ကြည့်လိုက်ပါနော်။ ဦးရေပြားပေါ်က ဝက်ခြံတွေကို ကုသပေးနိုင်မယ့် သဘာဝဆေးစွမ်းကောင်းကို ဖော်ပြပေးလိုက်ပါတယ်။

လက်ဖက်စိမ်းရွက်အဆီ

===============

ဦးရေပြားရောဂါများကို သက်သာစေနိုင်တဲ့ သဘာဝဆေးစွမ်းကောင်း တစ်လက်ကတော့ လက်ဖက်စိမ်းရွက်အဆီပါပဲ။ လက်ဖက်စိမ်းရွက်အဆီကို အလှကုန်ပစ္စည်းတော်တော်များများမှာ ထည့်သွင်းအသုံးပြုကြတာကို တွေ့ရပါတယ်။ လက်ဖက်စိမ်း်ရွက်အဆီက ဦးရေပြားပေါ်ကဝက်ခြံတွေကို ကုသပေးနိုင်ရုံသာမက ဖုန်မှုန့်အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး ဗောက်ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။ ဝက်ခြံဖြစ်ပေါ်စေနိုင်တဲ့ ဘတ်တီးရီးယားပိုးမွှားများကိုလည်း သေစေနိုင်ပြီး ဦးရေပြားယားယံခြင်းကိုလည်း သက်သာစေပါတယ်။ အသုံးပြုပုံကလည်း လွယ်ကူရိုးရှင်းပါတယ်။ အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ စားပွဲတင်ဇွန်း၃ဇွန်းထဲကို လက်ဖက်စိမ်းရွက်အဆီလက်ဖက်ရည်ဇွန်း၁ဇွန်း ရောစပ်လိုက်ပါ။ ရရှိလာတဲ့အရောအနှောကို ဦးရေပြားပေါ်သုတ်လိမ်းပြီး ဦးရေပြားထဲအဆီတွေစိမ့်ဝင်သွားအောင် ညင်သာစွာနှိပ်နယ်ပေးပါ။ ၂နာရီခန့်အကြာမှာ ခေါင်းလျှော်လိုက်ရုံပါပဲနော်။ ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို နှစ်ကြိမ်မှသုံးကြိမ်အထိပြုလုပ်ပေးရုံနဲ့ ဦးခေါင်းပေါ်က ဗောက်များနဲ့ ဝက်ခြံကိုယူပစ်သလို ပျောက်ကင်းသွားတာကို တွေ့မြင်ရမှာပါ။

နောက်ထပ်နည်းလမ်းလေးကတော့ ခေါင်းလျှော်ရည်ထဲကို လက်ဖက်စိမ်းရွက်အဆီ ၃စက်ခန့်ရောစပ်ပြီး ခေါင်းလျှော်ပေးမယ်ဆိုရင်လည်း ရပါတယ်နော်။ ၁၀မိနစ်ခန့်ထားပြီးမှ ရေနဲ့ဆေးကြောသန့်စင်လိုက်ပါ။ ခေါင်းလျှော်တဲ့အခါတိုင်း ဒီနည်းအတိုင်း ပြုလုပ်ပေးသွားမယ်ဆိုရင်တော့ ဝက်ခြံကင်းစင်တဲ့ဦးရေပြားကို ရရှိမှာပါ။ ဒါ့အပြင် ဦးရေပြားမှာလိုအပ်တဲ့ အာဟာရဓာတ်များကို ဖြည့်တင်းပေးတာကြောင့် ဆံပင်ကျန်းမာသန်စွမ်းစေပါတယ်။

လက်ဖက်စိမ်းရွက်အဆီတစ်မျိုးထဲကို အသုံးပြုချင်တယ်ဆိုရင်တော့ ဝါဂွမ်းစလေးနဲ့တို့ယူပြီး ဝက်ခြံဖြစ်ပေါ်တဲ့နေရာတွေမှာ သုတ်လိမ်းပေးပါ။ တစ်နာရီခန့်ထားပြီးမှ အဝတ်စကိုရေအေးအေးထဲစိမ်ပြီး သုတ်လိမ်းထားတဲ့နေရာတွေကို သန့်စင်ပေးပါ။ ဆံပင်အရမ်းတိုတဲ့သူ ယောက်ျားလေးတွေအနေနဲ့တော့ ခေါင်းလျှော်လိုက်လို့ရပါတယ်နော်။ ဝက်ခြံနဲ့ ဗောက်ကြောင့် ဦးရေပြားယားယံခြင်းကို သက်သာစေတဲ့နည်းလမ်းကောင်းလေးပါပဲ။ ဒီနည်းလမ်းအတိုင်းကို နေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင်တော့ ရက်သတ္တပတ်အတွင်း ထူးခြားမှုကိုခံစားရမှာပါ။

နန်း(ရွှေအင်းလေး)

Post a Comment

Previous Post Next Post