ဒီအကျင့်ဆိုးတွေရှိနေတဲ့ ယောက်ျားမျိုးဆို လက်ထပ်ဖို့ထိ မစဉ်းစားသင့်

သင်ဟာ ချစ်သူရှိသည်ဖြစ်စေ ၊ မရှိဘူးဖြစ်စေ အနာဂတ်မှာ ကိုယ်လက်ထပ်ယူမယ့် အမျိုးသားနဲ့ပတ်သတ်ပြီး အများကြီး စိတ်ကူးယဉ်ခဲ့ဖူးမယ် ထင်ပါတယ် ။ ဘယ်လိုအမျိုးသားနဲ့ အိမ်ထောင်ကျမှာလဲ ၊ အိမ်ထောင်ရေးက ပျော်ရွှင်မှာလား ၊ ဘယ်လိုတွေကြုံတွေမလဲဆိုတာကို အမျိုးသမီးတိုင်း ကြိုတွေးဖူးကြမယ်ထင်ပါတယ် ။ အိမ်ထောင်ပြုဖို့ စဉ်းစားရာမှာ အထောက်အကူဖြစ်နိုင်အောင် ဒီအကျင့်ဆိုးတွေရှိတဲ့ ယောကျာ်းမျိုးဆိုရင်တော့ လက်ထပ်ဖို့အတွက် စဉ်းစားပါဦးလို့….

၁။စိတ်သဘောထားသေးသိမ်သူ
စိတ်သဘောထားသေးသိမ်တဲ့သူတွေ တွေ့ဖူးကြမှာပေါ့ ။ အရာရာအဆိုးမြင် ၊ မယုံကြည် ကိုယ့အပေါ်တင်မက သူတပါးအပေါ်တွေပါ အဲ့လိုစိတ်မျိုးရှိတယ်ဆိုရင်တော့ စဉ်းစားပါမိန်းကလေးရေ ။ ယူပြီးတော့ စိတ်ညစ်ခံမှာလား ၊တစ်ယောက်တည်းပဲ ပျော်ပျော်ရွှင်ရွှင်နေမလားဆိုတာ အချိန်ယူပြီး သေချာစဉ်းစားဆုံးဖြတ်ပါနော် ။

၂။တိရစ္ဆာန်မုန်းသူ

တိရစ္ဆာန်တွေမုန်းတဲ့သူဟာ သူ့ကိုယ်တိုင်လည်း တိရစ္ဆာန်တစ်ကောင် ဖြစ်နေတတ်ပါတယ် ။ သူတို့မှာ ကိုယ်ချင်းစာနာစိတ် နည်းပါတယ် ။ တိရစ္ဆာန်နဲ့ထိမိလို့ ဓါတ်မတည့်တာ ၊ တိရစ္ဆာန်တွေကို ချစ်မနေတာနဲ့တော့ မုန်းတယ်လို့ ပြောလို့မရပါဘူး ။ ဒါပေမယ့် တိရစ္ဆာန်ဆိုတာနဲ့ ခါးခါးသီးသီး ၊ ရွံမုန်းဖြစ်နေတာမျိုးကတော့ တိရစ္ဆာန်မုန်းတီးသူတစ်ယောက်ဆိုတာ ငြင်းမရပါဘူး ။ အကယ်၍ သင်ဟာ တိရစ္ဆာန်မုန်းသော ချစ်သူ နဲ့ သင့်ရဲ့ အချစ်တော်လေးကို ရွေးချယ်ရမယ်ဆိုရင်တော့ သင့်ရဲ့အိမ်မွေးတိရစ္ဆာန် အချစ်တော်လေးကိုသာ ရွေးချယ်ဖို့ ပြောပါရစေ။

၃။အချစ်ရေးမှာစည်းမထားဘူး
နေရာတိုင်းမှာ စည်းဆိုတာရှိပါတယ် ။ ကျောင်း ၊လုပ်ငန်းခွင် ၊ မိသားစု ၊ သူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက် ၊ ချစ်သူ ၊ဇနီးမောင်နှံ့တိုင်းမှာ သူ့စည်းနဲ့သူရှိပါတယ် ။ အချစ်ရေးမှာလည်း သူ့ရဲ့အခြေခံ စည်းမျဉ်းလေးတွေရှိပါတယ် ။ ဒါတွေကို ဂရုမစိုက်ဘဲ ချိုးဖောက်တယ်ဆိုရင်တော့ သင့်အပေါ်မလေးစားမှု ၊တန်ဖိုးမထားမှုကို ပြနေတာပါပဲ ။ဒီလိုလူမျိုးကိုလည်း No ပါလို့ ပြောပါရစေ။

၎။ကတိဖျက်သူ
အိုး..တော်တော်အဆိုးရွားဆုံး နဲ့ မိန်းကလေးအတော်များများ ကြုံရတဲ့ ကိစ္စပဲပေါ့လေ ။ ကတိပျက်တာ ၊ စကားမတည်တာလောက် ယုံကြည်မှုကင်းမဲ့စေနိုင်တာ မရှိပါဘူး ။ ဒီလိုလူမျိုးကို ဘယ်လောက်ဖြစ်ဖြစ် သည်းခံနိုင်တယ်ဆိုရင်တော့ ယူပါ ၊ ရည်းစားဘဝမှာတင် ကတိပျက်တဲ့ကိစ္စမျိုးကို သည်းမခံနိုင်တော့ရင်တော့ မယူပါနဲ့ ။ လုံးဝမယူပါနဲ့ ။

၅။အလေးအနက်မရှိ
Relationship တိုင်းမှာ အပေးအယူဆိုတာ ရှိပါတယ် ။ အပေးအယူမျှနေမှလည်း အဆင်ပြေချောမွေ့နေမှာပါ ။ ဒီလိုမဟုတ်ဘဲ တစ်ဖက်ကသာ အရာရာပေးဆပ် ကြိုးပမ်းအားထုတ်နေပေမယ့် နောက်တစ်ဖက်က ဘာကိုမှအလေးမထား ၊ ဘာမှကြိုးစားအားထုတ်မှု မရှိရင်တော့ သူ့ကိုယူရင် တစ်ချိန်မှာ နောင်တရနိုင်ပါတယ် ။

၆။အမြဲတမ်းမှန်သူ
Relationship တစ်လျှောက်မှာ သူသာအမြဲတမ်းမှန်ပြီး သူ့ရဲ့အတွေးအခေါ်တွေကသာ အကောင်းဆုံး ၊ အမှန်ဆံးလို့ ကိုယ့်ကိုယ့်ကိုယ် ယူဆထားတဲ့ Mr Perfect လိုလူမျိုးဆိုရင်တော့ တာ့တာလုပ်လိုက်ပါ ။ ဘယ်သူမှားမှား ကိုယ့်အမှား ၊ ဘယ်သူမှန်မှန် သူအမှန် ဆိုတဲ့ ဆောင်ပုဒ်လေးကို လက်ကိုင်ထားနိုင်ရင်တော့လည်း ကိုယ့်ထိုက်နဲ့ကိုယ်ကံ ပါရှင် ။

၇။အကြောင်းပြချက်များသူ
ကိုယ်စိတ်အပျက်ဆုံး လူမျိုးတွေပေါ့ ။ အကြောင်းအရာတစ်ခုခုအတွက် သူတို့တွေမှာ Reason အမြဲတမ်း ရှိနေတတ်တယ် ။ သိပ်ကို တာဝန်ယူမှုကင်းတဲ့ အချက်လို့မြင်မိတယ် ။ ဒီလိုအကျင့်မျိုးရှိတယ်ဆိုရင်လည်း sorry ..sorry..sorry ။

၈။အမြဲတမ်းရန်ဖြစ်နေရ
ချစ်သူတွေ တစ်ခါတစ်လေ ရန်ဖြစ်တာက အချစ်ရေးအတွက် ကောင်းမွန်တယ်လို့ ဆိုသော်ငြား အမြဲလို ရန်ဖြစ်နေရတယ်ဆိုရင်တော့ မဟုတ်သေးဘူးနော် ။ ကိုယ်ဘာဆိုလိုချင်တာကို နားမလည် ၊ သူထင်တာတွေသာ ပြောပြီး ရန်ဖြစ်ဖို့ ဦးတည်နေတဲ့ သူမျိုးကတော့ သင်နဲ့ သင့်တော်မှာ မဟုတ်ပါဘူး ။

၉။စကားဖြတ်ပြောခြင်း
စကားပြောကောင်းတာဟာ ပညာရပ်တစ်ခုပါ ။ ဒါပေမယ့်လည်း အကြောင်းအရာတစ်ခုခုကို ပြောပြနေချိန်မှာ စကားကိုဖြတ်ပြောပြီး သူ့အကြောင်းတွေ ၊တခြားအကြောင်းတွေကို ပြောလာတာဆိုရင်တော့ သင့်ရဲ့ ခံစားချက်တွေ ၊ အတွေ့အကြုံတွေကို ဂရုမစိုက်ဘူးဆိုတာ ပြောနေသလိုပါပဲ ။

၁၀။လိမ်လည်ခြင်း
ယုံကြည်မှုကို ဖျက်ဆီးတဲ့ အဆိုးဆုံးအကျင့်ကြီးပေါ့ ။ တချို့လိမ်ညာမှုတွေက ကောင်းမွန်အောင် စိတ်သက်သာရာရအောင် လိမ်တာမျိုးပါ ။ဘယ်သူ့ဘယ်သူမှ မထိခိုက်ပါဘူး ။သို့သော်လည်း မလိုအပ်ပဲ လိမ်ညာတတ်သူဆိုရင်တော့ သတိထားပါ ။ လိမ်ညာတတ်တဲ့သူက မယုံကြည်ရဆုံးသူပါ ။

၁၁။အစွမ်းအစမရှိသူ
ယောက်ျားဆိုတာ ပိုက်ဆံချမ်းသာစရာမလိုပေမယ့် အရည်အချင်းရှိရပါမယ် ။ တော်နေ၊ထက်နေစရာမလိုဘူး ။ ကြိုးစားချင်စိတ်ရှိရင် ရပြီ ။ ဒီလိုမဟုတ်ဘဲ အရာရာ သင့်အပေါ်မှာ မှီိခိုနေမယ် ၊ စိတ်ပျော့ညံ့မယ်ဆိုရင်တော့ ဘယ်လောက်ချစ်ချစ် မေ့လိုက်ပါ ။ဘဝအတွက် ကိုယ့်ရှေ့မှာ မားမားမတ်မတ် ရပ်တည်မှုမရှိတဲ့သူက သင့်အတွက် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

၁၂။မိသားစုကိုမခင်တွယ်သူ
လေ့လာကြည့်ပါ ။ သူဟာ သူ့မိသားစု ၊ မိဘအပေါ်မှာ ခင်တွယ်မှုရှိတဲ့သူလား ၊ အလေးအနက်မထား မိသားစု စိတ်ဓါတ်မရှိတဲ့သူလား ဆိုတာကို လေ့လာအကဲဖြတ်ကြည့်ပါ ။ အထူးသဖြင့် သူ့မိဘအပေါ်ထားတဲ့ သူ့ရဲ့ စိတ်နေစိတ်ထားကို သိထားအောင် ကြိုးစားပါ ။ မိဘအပေါ်မှာ ကျေးဇူးမသိတတ်သူ ၊ မခင်တွယ်သူ ၊ ဆိုးသွမ်းနေသူဆိုရင်တော့ သင့်ကိုလည်း တချိန်မှာ ပစ်ခွာလာနိုင်ပါတယ် ။ လက်ရှိမိသားစုကို ခင်တွယ်တတ်မှ နောင်ဖြစ်လာမယ့် သူ့ရဲ့မိသားစုကိုလည်း ခင်တွယ်မှာပါ ။

၁၃။လက်ပါ၊ခြေပါ ရိုက်နှက်တတ်သူ

သမီးတို့ရေ.. ။အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင် ချစ်မယ် ဆိုတဲ့ ဦးနှောက်မရှိတဲ့ စကားတွေကို မယုံနဲ့နော် ။ မယူခင်တည်းက ကိုယ့်အသားကို နာကြင်အောင်လုပ်တတ်တဲ့သူ ယူပြီးရင်တော့ ဓါးနဲ့မထိုးရင်တောင် ကျေးဇူးတင်ရဦးမှာပါ ။ မိန်းကလေးအပေါ် လက်ပါ၊ခြေပါ ရိုက်နှက်တတ်တဲ့သူက ယောက်ျားကောင်းတွေ လုပ်တဲ့လုပ်ရပ်လည်း မဟုတ်ပါဘူးနော် ။ အန်တီကတော့ နိုးပါ….

ကဲ ဒီအကျင့်ဆိုးတွေရှိတဲ့ ယောက်ျားတွေကို မယူနဲ့ ၊ ရှောင်နိုင်သလောက်ရှောင်ပါလို့ တိုက်တွန်းပါတယ် ။ ကိုယ်ကြိုက်လို့ ကိုယ်ယူတာ ဘာဖြစ်လဲဆိုရင်တော့လည်း …ဘာမှမဖြစ်ပါဘူး ။ ယူပါလို့ …။ မယူခင် စဉ်းစားလို့ရအောင် စေတနာနဲ့ ဖော်ပြပေးတာပါလို့ …နော် ^_^

CHAN (ရွှေအင်းလေး)

Post a Comment

Previous Post Next Post