ကိုယ်ပိုင် စတူဒီယို ဖွင့်လှစ်လိုက်တဲ့ နေတိုး

သရုပ်ဆောင် အကယ်ဒမီနေတိုးတစ်ယောက် ကိုယ်ပိုင်စတူဒီယိုဖြစ်တဲ့ Story Book Movie Studio ဆိုတဲ့ စတူဒီယိုကို ဇွန်လ ၂၉ ရက်နေ့ ဒီနေ့ မနက်မှာပဲ ဖွင့်လှစ်လိုက်ပါပြီ။ ကိုယ်ပိုင်စတူဒီဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြထားတာဖြစ်ပါတယ်။

'' ကိုယ်ပိုင်ရုပ်ရှင်စတူဒီယို လုပ်ဖြစ်တယ်ဆိုတာကလည်း ပံ့ပိုးချင်တဲ့စိတ်ကြောင့် လုပ်ဖြစ်ခဲ့တာပါ။ရိုက်ကူးမှုတွေ အနေနဲ့ကလည်း သေသေသပ်သပ်နဲ့ရိုက်လို့ရမယ်၊ စနစ်တကျရိုက်ကူးလို့  ရနိုင်ရင်တော့ထွက်လာမယ့် ရလဒ်လေး ကလည်း ထိထိမိမိရောက်နိုင်ဖို့ကို ရည်ရွယ်တာပေါ့'' လို့ဆိုပြီးတော့ ကိုရွှေမောင်နဲ့ မရွှေမ ရုပ်ရှင်ရိုက်ကွင်းပေါ်က အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 


သရုပ်ဆောင်အကယ်ဒမီနေတိုးရဲ့ ကိုယ်ပိုင်စတူဒီယိုကိုတော့ မြောက်ဒဂုံမြို့နယ်၊ ၄၁ တိုးချဲ့ရပ်ကွက်၊ တော်ဝင်အိမ်ရာ၊ မြတ်လေးလမ်း၊ No.(G-10) နေရာမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီ စတူဒီယို ဖွင့်ဖို့အတွက်လည်း ၃ နှစ်ကျော်လောက် အချိန်ယူခဲ့ရတယ်လို့  ပြောပြခဲ့တာဖြစ်ပါတယ်။ နေတိုးရဲ့ ကိုယ်ပိုင်စတူဒီယိုဖြစ်တဲ့ Story Book Movie Studio  ကို သိန်းပေါင်းသောင်းကျော်အကုန်အကျခံ တည်ဆောက်ခဲ့ရတယ်လို့ ဆိုပါတယ်။


၂၀၀၁ခုနှစ်ကစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးခဲ့သူ တစ်ဦးဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK modeling agency မှာ သင်တန်းတက်ရောက်ခဲ့ပြီး အဆိုပိုင်းနဲ့ ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့ပါတယ်။နေတိုးဟာ အနုပညာအရည်အသွေးပြည့်ဝ တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။

Post a Comment

Previous Post Next Post