သဘာဝပစ္စည်းများနဲ့ ချိုင်းချွေးနံ့ပျောက်အောင်ပြုလုပ်နည်း

ချိုင်းချွေးနံ့နံတာက လူကြားထဲမှာ မိမိကိုယ်ကိုယုံကြည်မှု လျော့နည်းစေပါတယ်။ ချိုင်းချွေးနံ့ ပျောက်ဆေးအမျိုးမျိုးကို သုံးပေမယ့် ထိရောက်မှု မရှိတော့တာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် ဓာတုဓာတ်ပစ္စည်းများကို အသုံးပြုစရာမလိုဘဲ ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝ နည်းလမ်းကောင်းလေးများကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ပန်းသီးရှာလကာရည်

စပရေးဘူးထဲသို့ ပန်းသီးရှာလကာရည်နှင့် သံပရိုရည် အနည်းငယ်တို့ကို ရေဖြင့် ရောစပ်ပြီး ချိုင်းကို ဖြန်းပေးမယ်ဆိုရင် ချိုင်းချွေးနံ့ နံတာကို သက်သာစေပါတယ်။ ပန်းသီးရှာလကာရည်က ချိုင်းနားမှာ ကပ်ငြိနေတဲ့ ဘတ်တီးရီးယားပိုးမွှားများကို ဖယ်ရှားပေးနိုင်တာကြောင့် အနံ့ဆိုးများ ထွက်ခြင်းကို မဖြစ်ပေါ်စေတော့ ပါဘူး။

(၂) သံပရိုသီး

သံပရိုသီးကို အဝိုင်းပြားလေး လှီးပြီး ချိုင်းအောက်မှာ ၁၅ မိနစ်ခန့် ကပ်ထားလိုက်ပါ။ သံပရိုသီးက အရေပြားရဲ့ PH Level ကို ထိန်းညှိပေးပြီး အနံ့ဆိုးများကို စုပ်ယူနိုင်စွမ်းအား ကောင်းတာကြောင့် ချိုင်းချွေးနံ့ နံသူများအတွက် အထူးကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါပဲနော်။

(၃) ကျောက်ချဉ်

ကျောက်ချဉ်တုံးကို သနပ်ခါးကျောက်ပြင်ပေါ် သွေးပြီး ချိုင်းကိုသုတ်လိမ်းပေး ရပါမယ်။ ကျောက်ချဉ်က အကျီင်္ကို အဝါရောင် စွန်းထင်းစေတာကြောင့် ရေမချိုးခင် ပြုလုပ်တာ အကောင်းဆုံးပါပဲနော်။ ရေမချိုးခင် နာရီဝက်ခန့် အလိုမှာ ကျောက်ချဉ်ကို သွေးလိမ်းလိုက်ပါ။ ဒီနည်းလမ်းအတိုင်း ပုံမှန် ပြုလုပ်ပေးမယ် ဆိုရင်တော့ ထူးခြားမှုကို တွေ့ရမှာပါ။

နန်း(ရွှေအင်းလေး)

Post a Comment

Previous Post Next Post